ကျွန်တော်တို့သည် ကာယဗလ၏ အကြီးကျယ်ဆုံးနှင့် အထွန်းတောက်ဆုံး ကြယ်ပွင့်များ၏ လေ့ကျင့်ချိန်များကို ဖော်ပြဖို့ရန် ဆွေးနွေးတိုင်ပင်ကာ ကြိုးစားခဲ့သည်။ ထိုကြယ်ပွင့်များတွင် အာနိုး ရွှာဇီနက်ဂါး၊ လူဖာရစ်နို၊ ခရစ်ဒစ်ကာဆန်၊ တွမ်ပလပ်ဇ်၊ ဆန်မီး ဘန်နူး၊ လီဟေနီ၊ ရစ်ခ်ျ ဂတ်စ်ပါရီ၊ ဒိုရီယံ ရိတ်စ်၊ ဖလပ်စ် ၀ှီးလား၊ ခရစ် ကော်မီရာ၊ ရှောင်ရေး၊ မိုက် မာတာရာဇို၊ ကီဗင် လပ်ဗရွန်း၊ ရော်နီ ကိုးလ်မင်း၊ ဂျေးကတ်တလာ၊ ဘရန့်ခ်ျ ၀ါရန်နှင့် ဖီးလ် ဟိသ် စသည်ဖြင့်။ သူတို့၏ ရက်စက်ကြမ်းကျူတ်လှသော အော်ဂလီဆန်စရာ လေ့ကျင့်ချိန်များကို မွှေနှောက်ရှာဖွေကာ လိုက်စားသူများအတွက် ကြိုးစားကြည့်ရန်၊ မှီငြမ်းကြည့်ရန်၊ ကိုယ့်လေ့ကျင့်ချိန်များအတွင်း ထည့်သွင်းသုံးစွဲကြည့်ရန် မွှေနှောက်ရှာဖွေထားပါသည်။ ၎င်းတို့အားလုံးကို ကျွန်တော်တို့ ဖော်ပြချင်ပါသည်။ သို့သော် အလွန်ရှည်လျားပြီး ရှုပ်ထွေးသွားမှာ မလွဲမသွေပင်။ ထို့ပြင် ကိုယ်စီကိုယ်စီ ကိုယ်ကြိုက်သော ကစားသမား၏နည်းတွေ သိမ်းစည်းထားပြီးသား ဖြစ်မှာလည်း အမှန်ပင်။
စာဖတ်သူများ တစ်နေရာရာတွင် လွတ်နေလိမ့်မည်ဟု ယူဆမိ၍ ကျွန်တော်တို့သည် Flex မဂ္ဂဇင်း စထုတ်ဝေကတည်းက ရှိသမျှ လေ့ကျင့်နည်း ဆောင်းပါးတွေထဲမှ အကောင်းဆုံး တချို့ကို စုစည်းထားလိုက်ပါသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းကြီးတစ်ခုစီအတွက် – ရင်အုပ်၊ နောက်ကျော၊ ဆုံ၊ လက်မောင်းရှေ့သား၊ လက်မောင်းနောက်သား၊ ပေါင်၊ ခြေသလုံး စသည်ဖြင့် – တစ်ခုစီအတွက် အကောင်းဆုံးလေ့ကျင့်စဉ် တစ်ခုစီကို ရွေးချယ်ထားသည်။ ထိုလေ့ကျင့်စဉ်များကို ကစားခြင်းသည် သင့်မျက်ခုံးပေါ်မှ ချွေးများကို ခါချစေနိုင်သည်အထိ အာမခံပေးနိုင်သလို၊.....
သင့်ကြွက်သားများသည်လည်း ဤလေ့ကျင့်စဉ်များ၏ ထိုက်တန်မှုကို ခံစားပေလိမ့်မည်။
ရင်အုပ်
၂၀၀၆ ခုနှစ်တုန်းက Flex မှ senior writer ဖြစ်သည့် Greg Merritt သည် Branch Warren (ဗရန့်ခ်ျ ၀ါရန်) ကစားသည်ကို အသေးစိတ် သွားရောက်လေ့လာခဲ့သည်။ Merritt ၏ အဆိုအရ “ဗရန့်ခ်ျ ၀ါရန် ရင်အုပ်ကစားခြင်းသည် ကျွန်တော်မြင်ဖူးသမျှထဲတွင် အပြင်းထန် အရက်စက်ဆုံး ကစားစဉ်ပင်ဖြစ်သည်။” Merritt သည် Flex မှ ကိုယ်တွေ့လေ့ကျင့်စဉ်များကို အမြဲတမ်းမှတ်တမ်းတင်သော စာရေးဆရာဖြစ်သဖြင့် သူ၏ဆိုလိုချက်သည် တစ်ခုခုတော့ လုံးဝကို ထူးခြားနေရမည်ဖြစ်သည်။သွားရောက်မှတ်တမ်းတင်တုန်းက ၀ါရန်နှင့် သူကစားဖော်များသည် မျက်မြင်ကိုယ်တွေ့မှသာ ယုံကြည်နိုင်မည့် လေ့ကျင့်စဉ်တစ်မျိုးကို ကစားနေကြသည်။ လေ့ကျင့်စဉ်မှတ်တမ်းတွင် အဓိကထူးခြားချက်များမှာ ၀ါရန်သည် ခုံစောင်းအိပ် ရင်ဘတ်တွန်းကို ၄၀၅ ပေါင်ဖြင့် ၁၀ကြိမ်ကစားခြင်း၊ ပက်လက်အိပ် ဒမ်ဘယ်လ် ရင်ဘတ်တွန်းကို ပေါင်၁၇၀ ဒမ်ဘယ်လ်များဖြင့် အကျော့ပေါင်းများစွာ ကစားခြင်းနှင့် ဘီယာဘူးလောက် ထူသောပေါင် ၂၀၀လောက်လေးသည့် သံကြိုးကြီးများ လည်ပင်းတွင် ချိတ်ဆွဲပြီး နှစ်တန်းဘား နိမ့်ချပြန်တင်ကစားခြင်းတို့ ပါဝင်သည်။
Flexမှ လေ့ကျင့်နည်း ဇာတ်လမ်းများကို ပြန်လည်သုံးသပ်ကြည့်ကြသည့်အခါ ၀ါရန်၏ ရင်အုပ်လေ့ကျင့်စဉ်သည် အကြမ်းတမ်းဆုံးနှင့် အထိရောက်ဆုံးဆိုသည်ကို လက်ခံကြရမည်ဖြစ်သည်။
နောက်ကျော
၁၉၉၄ခုနှစ်တုန်းက ဒိုရီယံရိတ်စ်လို နောက်ကျောမျိုး ဘယ်သူမျှ မမြင်ဘူးခဲ့ကြပါ။ ၀င်းကြွက်သားကျယ်ပြန့်မှုမှသည် ခါးနောက်သားများတွင် ခရစ်စမတ် သစ်ပင်လို ဖြာထွက်နေအောင် အသေးစိတ်ပေါ်လွင်မှုကို သူပိုင်ဆိုင်ထားသည်။ အတိုချုပ်ပြောရလျှင် သူ့နောက်ကျောသည် ကြီးမားလွန်းသည်။အပြင်းအထန်ကစားသမားများတွင် အသိအမှတ်အပြုခံရဆုံးဖြစ်သည့် သူ၏ နောက်ကျောလေ့ကျင့်နည်း သဘောတရားများကို အများဆုံး မှတ်တမ်းတင်ထားကြသည်။ ဒိုရီယံရိတ်စ်မှ အကောင်းဆုံးတချို့ အကြံဥာဏ်များကို ကောက်နှုတ်ပြရသော် -
“အကျော့တစ်ကျော့ မကစားခင်တိုင်းတွင် ကိုယ့်စိတ်ထဲမှာ အဲသည့်အကျော့အတွက် ရည်မှန်းချက်များကို ပြတ်ပြတ်သားသား ချမှတ်လိုက်ပါ။”
“၀င်းလေ့ကျင့်ခန်းတစ်ခု ကစားတိုင်း ခါးကော့ထားပါ။ သို့မှသာ နောက်ကျောကြွက်သားများ အစွမ်းကုန်ညှစ်အားကို ရရှိစေမည်ဖြစ်သည်။”
“အလေးတွေကို ရွေ့ဖို့ အရှိန်နှင့် လွှဲမကစားပါနှင့်။”
“နောက်ကျောကို အပေါ်ပိုင်း၊ အောက်ပိုင်း၊ ဘေးပိုင်းစသည်ဖြင့် အစိတ်အပိုင်းတွေ ခွဲမနေပါနှင့်။ နောက်ကျောလေ့ကျင့်ခန်း အများစုသည် နောက်ကျောဧရိယာအကုန်လုံးကို အနည်းနှင့် အများ ထိရောက်ပါသည်။”
ဆုံဂုတ်
၂၀၁၀ခုနှစ်သည် ပြိုင်ပွဲဝင်ကာယဗလမောင်အဖြစ် လီဟေနီစ၀င်ပြိုင်ခဲ့သည်မှ စတွက်လျှင် ၂၇ နှစ်မြောက်ပင်ရှိခဲ့ပြီ။ ထို့ကြောင့် Flex မဂ္ဂဇင်းအားလုံးကို စုပေါင်းကြည့်လိုက်လျှင် လီဟေနီသည် အများဆုံးပါဝင်ခဲ့သည့် ကာယဗလကြယ်ပွင့်ကြီးဖြစ်သည်။ သူလွှမ်းမိုးခဲ့သော မောင်အိုလံပီယာပွဲများနှင့် သူ၏အမြဲရှင်သန်နေမည့် ရာဇ၀င်ကို ကြည့်လိုက်လျှင် သူသည် အကျော်ကြားဆုံးပင် ဖြစ်လိမ့်မည်။လီဟေနီ၏ အဆိုအရ သူ့ဆုံများသည် သူ့လက်မောင်းရှေ့သားများလိုပင် သူ့ကစားသက်တမ်း စောစောပိုင်းမှာ အားနည်းခဲ့သော အစိတ်အပိုင်းဖြစ်သည်။ သူ၏ အလျှော့မပေးသော စိတ်ဓာတ်နှင့် မြောက်များလှစွာသော ပြင်းထန်လှသည့် လေ့ကျင့်မှုများ ပေါင်းစပ်လိုက်သောအခါ သူ ပထမဆုံးမောင်အိုလံပီယာ ရသည့် ၁၉၈၄ခုနှစ်တွင်ပဲ ၎င်းကြွက်သားများသည် ကာယဗလတွင် ကျော်ကြားလှသော ကြွက်သားများဖြစ်လာတော့သည်။
၁၉၈၃နှင့် ၁၉၈၄ မောင်အိုလံပီယာ ပြိုင်ပွဲနှစ်ခုကြား သူ၏ တဟုန်ထိုးတိုးတက်လာမှုအတွက် လျှို့ဝှက်ချက်ကို သူကိုယ်တိုင် ထုတ်ဖော်သည်မှာ “ကျွန်တော်သည် အာရုံစိုက်တတ်အောင် သင်ယူခဲ့သည်။ ကျွန်တော့်ရည်မှန်းချက်များအပေါ် စိတ်ထန်သန်နေအောင် ထားတတ်လာသည်။ ကျွန်တော့်ခန္ဓာကိုယ်က ပြောနေသော သတင်းပို့ချက်များကို နာခံတတ်လာသည်။ ကစားသည့်ပုံစံကို တိတိကျကျထားကစားတတ်လာသည်။ ကျွန်တော့် လေ့ကျင့်စဉ်များကို ပြောင်းလဲကစားတတ်လာသည်။” ဟူ၍ဖြစ်သည်။
လက်မောင်းနောက်သား
လက်မောင်းနောက်သားနှင့် ပတ်သက်လာလျှင် ကာယဗလတွင် ကီဗင်လက်ဗရွန်းလောက် ပိုမကောင်းနိုင်ကြပါ။ တကယ်တော့ လက်ဗရွန်းကို တခြားအစိတ်အပိုင်းများမှတဆင့် အနိုင်ယူသွားခဲ့သည်များရှိ၏။ သို့သော် သူ့လက်မောင်းနောက်သားများသည် အထူးတလည်ပင် အထင်ကြီးစရာကောင်းနေသည်။ သူ့လက်မောင်းများ၏ လုံးဝန်းသော သဏ္ဌာန်ဖြစ်ပေါ်စေပြီး သူ့most muscular ပို့စ်သည်လည်း အထူးခြားဆုံး ပြကွက်တစ်ခုဖြစ်သည်။၁၉၉၂ခုနှစ်တွင် လက်ဗရွန်းသည် ပွဲနှစ်ပွဲတည်းဖြင့် အကြီးကျယ်ဆုံး ကာယဗလမောင် စာရင်းဝင်သွားနိုင်ခဲ့သည်။ ဒုတိယနှစ်ခါရခဲ့သည်(သူ ပထမဆုံး စပြိုင်သည့် မောင်အိုလံပီယာတွင် ဒုတိယရခဲ့သည်)။ နောက်ပြီးမှသာ တတိယတစ်ခါရသည်။
ကီဗင်လက်ဗရွန်းပြောသည်မှာ “လက်မောင်းနောက်သားက ကြွက်သားအားလုံးကို ထိဖို့ ကျွန်တော် ကစားနည်းမျိုးစုံ ကစားသည်။ ကျွန်တော်ကစားခဲ့တဲ့ အရာအားလုံးတိုင်း စာအုပ်တွေထဲ မပါနိုင်ပါ။ ကျွန်တော့် လေ့ကျင့်စဉ်အများစုသည် ခံစားမှုနှင့် ပင်ကိုသိစိတ်ပေါ်မှာ အခြေခံထားပါသည်။” ဟူ၍ ကျွန်တော်တို့ကို ထိထိရောက် အကြံပေးခဲ့သည်။
လက်မောင်းရှေ့သား
ကျွန်တော်တို့သည် ဘယ်အကောင်းဆုံးလေ့ကျင့်စဉ်ကိုမဆို ပြုစုတော့မည်ဆိုလျှင် ကာယဗလ၏ ဘုရင်ကြီးဆီမှ တစ်ခုခုမပါဘဲ ရှေ့ဆက်လို့မရပါ။ အာနိုးရွှာဇီနက်ဂါးအကြောင်း ပြောဆိုကြမည်ဆိုလျှင် သူ့လက်မောင်းရှေ့သားများထက် ဘယ်အစိတ်အပိုင်းကို ကျွန်တော်တို့ ကောက်နှုတ်ရတော့မည်နည်း။ယနေ့ခေတ်၏ နည်းနည်းပဲကစား၊ စိတ်နှင့်အာရုံထားသည့် စနစ်နှင့် လုံးဝဆန့်ကျင်ဘက်အတိုင်း မယုံကြည်နိုင်လောက်အောင်ပင် သူသည် လက်မောင်းရှေ့သားကို ၄၅မိနစ် အချိန်ပေးကာ ၂၀ကနေ ၂၆ကျော့ထိ တစ်ပတ်ကို ထိုအတိုင်းနှစ်ကြိမ် အလွန်အကျွံကစားခဲ့သည်။ အဲသည့်လောက်များပြားသော လေ့ကျင့်မှုလွန်ကဲခြင်းနှင့် သူ၏ ကျော်ကြားလှသော ၂၂လက်မ လက်မောင်းကို တည်ဆောက်နိုင်ခြင်းမှာ လူတစ်သန်းမှာ တစ်ယောက်သာရှိနိုင်သော ဗီဇမျိုးရိုးကြောင့်လည်း ဖြစ်နိုင်သလို သူ၏ ပြင်းထန်လှသော စိတ်နှလုံးဒုံးဒုံးချမှုကြောင့်လည်း ဖြစ်နိုင်သည်။ တနည်းဆိုရလျှင် သူသည် လေ့ကျင့်မှုလွန်ကဲနေခြင်းမဟုတ်။ အဘယ်ကြောင့်ဆိုသော် လေ့ကျင့်မှုလွန်ကဲခြင်းဟူသည် လောကမှာ ရှိသည်ဟူ၍ပင် သူမယူဆသောကြောင့် ဖြစ်သည်။
ရွှာဇီနက်ဂါး၏ နည်းလမ်းမှာ “ကျွန်တော့် ကာယဗလ သက်တမ်းတလျှောက်လုံး ကျွန်တော်သည် ကျွန်တော့်စိတ်ကို အမျိုးမျိုးလှည့်စားနေခဲ့သည်။ ဒါကြောင့်ပင် ကျွန်တော့် လက်မောင်းရှေ့သားများကို အသွေးနှင့် အသားနှင့်ဟူ၍ မြင်ရမည့်အစား တောင်ကြီးတွေအဖြစ် မြင်ထားလိုက်သည်။” ဟူ၍။
ပေါင်
စောစောပိုင်းဖော်ပြခဲ့သည်တွင် ကျွန်တော်တို့သည် ဒိုရီယံရိတ်စ်ကို အမြဲတမ်းလိုလို အကြမ်းတမ်းဆုံးလေ့ကျင့်သူများထဲတွင် အကြမ်းတမ်းဆုံးကစားသမားအဖြစ် မှတ်ယူထားကြသည်။ တကယ်တော့လည်း ရစ်ခ်ျ ဂတ်စပါရီ ဆိုသည့် ပုဂ္ဂိုလ်မှာလည်း ထိုဖော်ပြချက်နှင့် ကိုက်ညီချက်တွေ ရှိနေသည်။ သူ၏ လူသိများလှသည့် အံကြိတ်ပြီး ကစားရသော ပြင်းအားနှင့် အညီ ဂတ်စပါရီကို တွမ်ပလတ်စ်ပြီးနှောင်းပိုင်း၌ အကောင်းဆုံးပေါင်ပိုင်ရှင်အဖြစ် သတ်မှတ်ခဲ့သည်။ ကြီးမားသည်။ ကွဲပြားသည်။ သွေးကြောများ ယှက်ဖြာနေသည်။ပေါင်များသည် အခက်ခဲဆုံးကစားရသည့် အစိတ်အပိုင်းဖြစ်သော်လည်း ဂတ်စပါရီ ၎င်းတို့ကို ကစားသည်မှာ အရူးတစ်ယောက်လိုပင် စိန်ခေါ်ကစားတတ်သည်။ အောက်ပိုင်းလေ့ကျင့်ချိန်နှင့်ပတ်သက်ပြီး သူပြောသည်မှာ “သည်အားကစားမှာ နှစ်ပေါင်းများစွာ ကျင်လည်ပြီးနောက် ကျွန်တော် ကောက်ချက်ချနိုင်သည်မှာ ကာယဗလမှာ အဓိကပြဿနာသည် အောက်ပိုင်းနှင့် ပတ်သက်လာလျှင် ကစားသမားများ အပျင်းထူကြခြင်းပင်ဖြစ်သည်။ လူတော်တော်များသည် အဲသည်က ထွက်ပေါ်လာမည့် နာကျင်မှုကို ခံနိုင်စွမ်းမရှိကြပါ။”
ဂတ်စပါရီကတော့ ကစားနိုင်သည်။ နာကျင်မှုကို ခံနိုင်ခဲ့သည်။ တကယ်တော့လည်း သူ့အောက်ပိုင်းလေ့ကျင့်စဉ်များသည် ပြင်းထန်လွန်းသောကြောင့် နှစ်ချိန်ခွဲပြီး ကစားရတော့သည်။ ပေါင်ရှေ့သားများအတွက် တစ်ချိန်၊ ပေါင်နောက်သားများအတွက် တစ်ချိန်။ ဤတွင်ဖော်ပြထားသော တခြားလေ့ကျင့်စဉ်များအပါအ၀င် အားလုံးကို တိတိကျကျ လိုက်နာကစားရန် ကျွန်တော်တို့ မတိုက်တွန်းပါ။ ၎င်းတို့သည် အလွန်ပြင်းထန်လွန်းလိမ့်မည်။ သို့သော် အကယ်၍ သူတို့လို ဖြစ်ချင်လျှင်တော့ သူတို့နည်းစဉ်များကို ကိုယ့်လေ့ကျင့်စဉ်များအတွင်း တတ်နိုင်သလောက် ထည့်သွင်းကာ ကစားသွားပါ။
ခြေသလုံး
မိုက်မာတာရာဇို၏ ခြေသလုံးထက် ကြီးမား၊ ကောင်းမွန်၊ ကြောက်စရာကောင်းသော ခြေသလုံးများ ပိုင်ဆိုင်ထားသူ ရှိပါသလား? ရှိတယ်ဆိုလျှင် ကျွန်တော်တို့ သိချင်ပါသည်။ သို့မဟုတ် ရှိတော့ မရှိနိုင်ပါ။မိုက်၏ အဆိုအရ သူ့ခြေသလုံးများ သည်လောက်ကောင်းနေခြင်းသည် ဗီဇကြောင့်ဖြစ်သာဖြစ်ပြီး ဘာလျှို့ချက်မှ မရှိပါဟူ၍။ နောက်ပြီး ခြေသလုံးများကို ထုံးစံအတိုင်း နည်းလမ်းကောင်းများနှင့်သာ ပုံမှန်ကစားသွားလျှင် သူ့လောက်မကြီးလာတောင်မှ နဂိုထက် ပိုကြီးလာလိမ့်မည်ဟု ညွှန်းဆိုထားသည်။
အကြိမ်များများကစားခြင်းနှင့် အကြိမ်နည်းနည်းကစားခြင်းတို့ ခြားနားချက်အပေါ် သူ့ဆွေးနွေးချက်ကို ဖော်ထုတ်ရလျှင် “ကစားမှုပြင်းအားသည် အဓိကဖြစ်သည်။ သင့်ကြွက်သားများမှာ မျက်လုံးများ မရှိပါ။ သူတို့သည် အလေးတုံး၊ အလေးပြားများကို မမြင်တွေ့နိုင်ပါ။ သင့်ကြွက်သားများက အကြိမ်ရေတွေကို ရေတွက်နေခြင်းမဟုတ်။ သင့်ဦးနှောက်ကသာ ရေတွက်နေခြင်းဖြစ်သည်။ ထိရောက်မှုသည် တကယ်တော့ ကိုယ့်ခံစားချက်နှင့်သာ သက်ဆိုင်သည်။ လေ့ကျင့်မှု ပြင်းအားကောင်းကောင်းနှင့် အလေးဝန် အလယ်အလတ်မှ ဟဲဗီးအထိ အလေးတွေကို အသုံးပြုပြီး သင်ကစားနေလျှင်တော့ သင့်အတွက် တခြားလူအတွက်မဟုတ် သင့်အတွက် ရလဒ်တွေကို တွေ့မြင်လာရမည်သာဖြစ်သည်။ ကျွန်တော်သည် အကြိမ်နည်းနည်းကစားရမလား၊ များများကစားရမလား ငြင်းခုံမှုအပေါ် ဘယ်တော့မှ မယုံကြည်ပါ။”
No comments:
Post a Comment
ဝေဖန်ဆွေးနွေးနိုင်ပါသည်။